သင်္ကြန်ရဲ့ အနှစ်သာရ

Apr 01, 2026
Festivals & Events
သင်္ကြန်ရဲ့ အနှစ်သာရ

ပူပြင်းလှတဲ့ နွေအပူရှိန်အောက်မှာ ပိတောက်နံ့သင်းသင်းလေးနဲ့အတူ ရောက်ရှိလာတဲ့ "သင်္ကြန်" ဆိုတာ မြန်မာလူမျိုးတို့အတွက် ရေပက်ကစားရုံသက်သက်ထက် ပိုပါတယ်။ "သင်္ကြန်" ဟူသော ဝေါဟာရသည် "သင်္ကန္တ" ဆိုသည့် ပါဠိမှ ဆင်းသက်လာပြီး "ကူးပြောင်းခြင်း" ဟု အဓိပ္ပာယ်ရပါတယ်။

မြန်မာ့ပြက္ခဒိန်အရ နှစ်သစ်ကူးအချိန်မှာ ကျင်းပကြတဲ့ ဒီပွဲတော်မှာ မိသားစုတွေ စုပေါင်းပျော်ရွှင်ခြင်း၊ ဘုရားရေသွန်းခြင်း၊ သက်ကြီးရွယ်အိုများကို ကန်တော့ခြင်းတို့ဖြင့် ကောင်းမွန်တဲ့ စိတ်ဓာတ်ကို ဖန်တီးကြပါတယ်။သင်္ကြန်ဟာ နှစ်ဟောင်းကအညစ်အကြေးတွေကို ဆေးကြောသန့်စင်ပြီး နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ ဘဝအသစ်ကို စတင်ကြိုဆိုတဲ့ အခါသမယလည်း ဖြစ်ပါတယ်။ ရေဖြင့် အညစ်အကြေးများကို ဆေးကြောသလို မကောင်းမှုများ၊ အလွဲအမှားများကိုလည်း ခွင့်လွှတ်ပြီး စိတ်သန့်ရှင်းစွာ နှစ်သစ်ကို ကြိုဆိုကြခြင်းဟာ သင်္ကြန်ရဲ့ အဓိကအနှစ်သာရပါပဲ။ အပြန်အလှန် ရေပက်ကြတယ်ဆိုတာ တစ်ဦးပေါ်တစ်ဦး ရန်ငြိုးဒေါသတွေ ရှိခဲ့ရင်တောင် အေးမြတဲ့ ရေစင်နဲ့ ဆေးကြောပေးပြီး မေတ္တာဓာတ်တွေ ဖြန့်ဝေကြတာပါ။ နှစ်ဟောင်းက ပူပင်သောကတွေကို ရေနဲ့အတူ မျှောချလိုက်ပြီး အေးမြကြည်လင်တဲ့ စိတ်ထားနဲ့ နှစ်သစ်ကို ခြေလှမ်းစဖို့ ရည်ရွယ်ပါတယ်။ရေကစားခြင်းက ပျော်ရွှင်မှုကို ပေးစွမ်းသလို မေတ္တာမျှဝေခြင်း၊ ချစ်ခင်ရင်းနှီးမှု တိုးတက်စေခြင်းကိုလည်း ကိုယ်စားပြုထားပါတယ်။ ဒါကြောင့် သင်္ကြန်ဟာ အပြင်ပန်းပျော်ရွှင်မှုထက် အတွင်းစိတ်အေးချမ်းမှုကို ပိုမိုအလေးထားတဲ့ ပွဲတော်တစ်ခုပါ 💛

သင်္ကြန်ကာလဟာ မြန်မာ့ရိုးရာမှာ အလှူအတန်းနဲ့ ကုသိုလ်ရေး အားအကောင်းဆုံး အချိန်ဖြစ်ပြီး အလွန်ချစ်စရာကောင်းတဲ့ ဓလေ့များရှိပါတယ်။မိဘဘိုးဘွားတွေကို ပူဇော်ကန်တော့ခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်းနဲ့ ခေါင်းလျှော်ပေးခြင်း၊ဥပုသ်သီလ ဆောက်တည်ခြင်း၊ကျောင်းကန်ဇရပ်တွေမှာ တရားဘာဝနာ ပွားများရင်း ဖြင့် စိတ်နှလုံးကို ငြိမ်သက်အောင် လေ့ကျင့်ခြင်း၊ငါးများကိုဘေးမဲ့လွှတ်ခြင်း ကုသိုလ်ပြုလုပ်ရင်း သတ္တဝါတွေအပေါ် ကရုဏာပွားကြပါတယ်။

  လမ်းဆုံလမ်းခွတိုင်းမှာ မြင်တွေ့ရတဲ့ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း စတဲ့ စတုဒိသာ အလှူရှင်တွေဟာ မြန်မာတို့ရဲ့ "စေတနာ" ကို ဖော်ပြနေတာပါ။ မည်သူမဆို လာရောက်စားသုံးနိုင်တဲ့ အခမဲ့အလှူအတန်းတွေက လူတန်းစားမရွေး ချစ်ခင်ရင်းနှီးမှုကို ဖြစ်ပေါ်စေပါတယ်။

    💛 သင်္ကြန်ရဲ့ အဓိက အနှစ်သာရက အပြင်ပန်းပျော်ရွှင်မှုထက် စိတ်နှလုံးအေးချမ်းမှုကို အလေးထားခြင်း ဖြစ်ပါတယ်။ဒီနှစ်သစ်မှာ မိဘပြည်သူအားလုံး ပူပင်သောကများကင်းစင်ပြီး အေးချမ်းသာယာတဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 🌼

🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။

0
1

Recent Posts

International Mother’s Day

May 09, 2026
နေ့ထူးနေ့မြတ်