ပူပြင်းလှတဲ့ နွေရာသီအဆုံးသတ်နဲ့အတူ မိုးရာသီနီးလာတဲ့အချိန်ဟာ စိတ်ကို လန်းဆန်းစေသလို ကျန်းမာရေးကိုတော့ ပိုမိုဂရုစိုက်ရမယ့် ကာလလည်းဖြစ်ပါတယ်။အပူချိန်နှင့် စိုထိုင်းဆ ပြောင်းလဲမှုများကြောင့် ရာသီဥတုအကူးအပြောင်းမှာ ခန္ဓာကိုယ်၏ ခုခံအားစနစ် အနည်းငယ် အားနည်းသွားတတ်ပြီး ဖျားနာခြင်းများလည်း အလွယ်တကူ ဖြစ်ပေါ်နိုင်ပါတယ်။ဒါကြောင့် ဒီလိုအချိန်မှာ အဖြစ်များသော ရောဂါများနှင့် ကြိုတင်ကာကွယ်နည်းများကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။”
⚠️ ရာသီအကူးအပြောင်းမှာ သတိထားရမယ့် ရောဂါများ
🤧 ရာသီတုပ်ကွေး နှင့် အအေးမိနှာစေးခြင်း : ရာသီဥတု ရုတ်တရက်အပြောင်းအလဲကြောင့် ခန္ဓာကိုယ်က ချက်ချင်း အလိုက်သင့် မပြောင်းလဲနိုင်တဲ့အခါ အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနဲ့ ရာသီတုပ်ကွေးတွေ အဖြစ်များပါတယ်။
🦟 သွေးလွန်တုပ်ကွေး : မိုးဦးကျပြီဆိုတာနဲ့ ပတ်ဝန်းကျင်မှာ ရေဝပ်တဲ့နေရာတွေ များလာလို့ ခြင်တွေပေါက်ပွားလာပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မြင့်တက်လာတတ်ပါသည်။
🍲 ဝမ်းပျက်ဝမ်းလျှော နှင့် အစာအဆိပ်သင့်ခြင်း : မိုးရာသီအစမှာ ယင်ကောင်တွေ ပေါများလာတတ်သလို၊ ရေထုညစ်ညမ်းမှုများရှိနိုင်သဖြင့် မသန့်ရှင်းတဲ့ အစားအသောက်နဲ့ သောက်သုံးရေကတစ်ဆင့် ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ အစာအဆိပ်သင့်ခြင်းနှင့် အသည်းရောင်အသားဝါ (A) ရောဂါများ ဖြစ်ပွားနိုင်ပါသည်။
👣 အရေပြားရောဂါများ : မိုးရေစိုရာကနေ တစ်ကိုယ်ရေသန့်ရှင်းရေး သေချာမလုပ်မိတဲ့အခါ သဲဝဲစားခြင်း၊ ပွေး၊ ဝဲ၊ ညှင်းနှင့် မှိုပိုးဝင်တဲ့ အရေပြားပြဿနာတွေ ဖြစ်တတ်ပါတယ်။
🛡️ ကြိုတင်ကာကွယ်နည်းများ
💪 ကိုယ်ခံအားကို မြှင့်တင်ပါ : ကိုယ်ခံအားကောင်းဖို့ ဗီတာမင်စီ (Vitamin C) ကြွယ်ဝတဲ့ ကမ္ဗလာသီး၊ လိမ္မော်သီး၊ သံပရာသီး စတဲ့အသီးအနှံတွေကို ပိုစားပေးပါ။ အိပ်ရေးဝဝအိပ်ပြီး ရေများများသောက်ဖို့လည်း မမေ့ပါနဲ့။
☂️ မိုးရေမစိုအောင် ဂရုစိုက်ပါ : အပြင်ထွက်တိုင်း ထီး (သို့) မိုးကာ အမြဲဆောင်သွားပါ။ အကယ်၍ မိုးရေစိုလာခဲ့ရင် အိမ်ရောက်တာနဲ့ ရေနွေးနွေးလေးနဲ့ ရေချိုးပြီး ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် သေချာသုတ်ပါ။
🧼 လက်ကို စနစ်တကျ ဆေးကြောပါ : အပြင်ကပြန်လာတဲ့အခါ၊ အစာမစားမီနဲ့ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောတာက ကူးစက်ရောဂါတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
💧 အစားအသောက်ကို ဂရုစိုက်ပါ : အစားအစာများကို ကျက်အောင် ချက်ပြုတ်စားသောက်ပါ၊ ယင်မနားစေရန် ဖုံးအုပ်ထားပါ။ ယင်နားစာတွေ၊ ယုံကြည်စိတ်ချရမှုမရှိတဲ့ လမ်းဘေးစာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ သောက်သုံးရေကို ကျိုချက်ပြီး (သို့) ယုံကြည်ရတဲ့ ရေသန့်ကိုသာ သောက်သုံးပါ။
🚫 ခြင်အန္တရာယ်မှ ကာကွယ်ခြင်း : အိမ်ပတ်ဝန်းကျင်က ရေဝပ်နိုင်တဲ့ နေရာများ၊ တာယာဟောင်းများကို ရှင်းလင်းပါ။ အိပ်သည့်အခါ ခြင်ထောင်ဖြင့် အိပ်စက်ပါ။ နေအိမ်နှင့် ပတ်ဝန်းကျင်ရှိ အသုံးအဆောင်များကို ပိုးသတ်သန့်စင်ပေးပါ။
အထူးသတိပြုရန် - ကိုယ်အပူချိန် အလွန်အမင်း တက်လာခြင်း၊ အသက်ရှူရ ခက်ခဲခြင်း သို့မဟုတ် ဝမ်းအလွန်အမင်း သွားခြင်းများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးခန်းသို့ အမြန်ဆုံး သွားရောက် ပြသသင့်ပါသည်။
ဒီအချက်လေးတွေကို ဂရုစိုက်လိုက်နာပြီး ရာသီဥတုအကူးအပြောင်းကာလကို ဖျားနာခြင်းကင်းဝေးစွာနဲ့ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ✨
🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။