မိုးရာသီရောက်လာပြီဆိုတာနဲ့ အကြီးမားဆုံး ခေါင်းကိုက်စရာတစ်ခုကတော့ အဝတ်အစားတွေ မခြောက်သေးဘဲ စိုစွတ်နေတတ်ပြီး မှိုတက်ခြင်းနဲ့ စိုထိုင်းထိုင်း အနံ့အသက်ဆိုးတွေ ထွက်လာတာပါပဲ။ နေရောင်ခြည် ကောင်းကောင်းမရလို့ အဝတ်တွေမခြောက်တဲ့အပြင် လေထုထဲမှာ အစိုဓာတ်တွေ များနေတဲ့အတွက် ဘီရိုထဲက အဝတ်အစားတွေပါ ထိခိုက်ပျက်စီးတတ်ပါတယ်။ ဒါကြောင့် အဝတ်အစားတွေကို သန့်ရှင်းသပ်ရပ်ပြီး အသုံးခံအောင် သိမ်းဆည်းဖိုအရေးကြီးပါတယ်။
ဒီပြဿနာကို လွယ်လွယ်ကူကူနဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဒီ Blog လေးမှာ ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်။
✨ ၁။ အဝတ်အစားတွေကို လုံးဝခြောက်သွေ့အောင်လုပ်ပြီးမှ သိမ်းပါ : မိုးတွင်းမှာ အဝတ်တွေက အလွယ်တကူ မခြောက်တတ်ပါဘူး။ စိုစွတ်နေတဲ့ အခြေအနေမှာ သိမ်းထားမယ်ဆိုရင် မှိုတက်လွယ်ပြီး အနံ့ဆိုးထွက်လာနိုင်ပါတယ်။ အနည်းငယ် စိုထိုင်းနေတဲ့ အဝတ်တစ်ထည်ကို ဘီရိုထဲထည့်လိုက်တာနဲ့ ကျန်တဲ့အဝတ်တွေကိုပါ မှိုကူးစက်စေနိုင်ပါတယ်။ နေရောင်မရတဲ့နေ့တွေမှာလည်း ပန်ကာလေခံပြီး အခြောက်ခံတာဖြစ်ဖြစ်၊ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ခြောက်သွေ့အောင်ထားတာမျိုးဖြစ်ဖြစ် ပြုလုပ်ပေးပါ။
🌬️ ၂။ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ သိမ်းဆည်းပါ : အဝတ်အစားတွေကို အလုံပိတ်သိမ်းမယ့်အစား လေဝင်လေထွက်ရှိတဲ့ ဘီရိုထဲမှာ ထားခြင်းက စိုထိုင်းမှုကို လျော့နည်းစေပါတယ်။ ဘီရိုကို အမြဲတမ်း ပိတ်လှောင်ထားတာက မှိုပေါက်ဖွားဖို့ အကောင်းဆုံး အခြေအနေတစ်ခု ဖြစ်တာကြောင့် မိုးတိတ်ပြီး နေသာတဲ့ နေ့ရက်တွေ၊ လေတိုက်တဲ့ အချိန်တွေမှာ ဘီရိုတံခါးကို ၁ နာရီ၊ ၂ နာရီလောက် ဖွင့်ထားပေးပါ။ ဒါဟာ အတွင်းမှာ ပိတ်လှောင်နေတဲ့ အနံ့ဆိုးတွေကို ဖယ်ရှားပေးပြီး လေကောင်းလေသန့် ရရှိစေပါတယ်။
🌿 ၃။ အနံ့ကာကွယ်ဖို့ အနံ့ကောင်းပစ္စည်းတွေ ထည့်ပါ : လိမ္မော်ခြောက်၊ လာဗင်ဒါအိတ်သေးတွေ၊ သန့်ရှင်းရေး Fragrance Sachet တွေကို ထည့်ထားခြင်းက အနံ့ဆိုးတွေကို လျော့နည်းစေပြီး အဝတ်တွေကို သန့်ရှင်းမွှေးကြိုင်နေစေပါတယ်။
🛡️ ၄။ အစိုဓာတ်စုပ်ယူပေးမယ့် ပစ္စည်းများ အသုံးပြုပါ : ဘီရိုထဲက အစိုဓာတ်ကို ထိန်းချုပ်ဖို့ အောက်ပါပစ္စည်းလေးတွေကို အသုံးပြုပေးနိုင်ပါတယ်။
Silica Gel ထုပ်များ៖ ဖိနပ်၊ အိတ်တွေဝယ်ရင် ပါလာတတ်တဲ့ အစိုဓာတ်စုပ် အထုပ်လေးတွေကို အဝတ်ဘီရိုထဲမှာ ထည့်ထားပေးပါ။
ပရုတ်လုံးများ៖ အစိုဓာတ်ကို ကာကွယ်ပေးတဲ့အပြင် ပိုးဟပ်နဲ့ အခြား ပိုးမွှားတွေကိုပါ အဝေးသို့ ပြေးစေပါတယ်။
သတင်းစာစက္ကူများ៖ သတင်းစာစက္ကူတွေဟာလည်း အစိုဓာတ်ကို အလွန်ကောင်းမွန်စွာ စုပ်ယူနိုင်ပါတယ်။ ဘီရိုရဲ့ အံဆွဲတွေ၊ အထပ်တွေအောက်မှာ သတင်းစာစက္ကူလေးတွေ ခင်းထားပေးပါ။ အစိုဓာတ်စုပ်ယူမှု ပိုကောင်းစေဖို့ လိုအပ်ရင် သတင်းစာစက္ကူတွေကို လဲလှယ်ပေးဖို့တော့ လိုအပ်ပါတယ်။
👕 ၅။ အဝတ်အစားများကို ကျပ်သိပ်နေအောင် မထားပါနဲ့ : အဝတ်အစားတွေကို ဘီရိုထဲမှာ အရမ်းပြည့်ကျပ်နေအောင် ထည့်ထားရင် လေမဝင်နိုင်လို့ အနံ့ထွက်လွယ်ပါတယ်။ အဝတ်တစ်ထည်နဲ့ တစ်ထည်ကြားမှာ လေဝင်လေထွက်ရှိဖို့ နေရာချောင်ချောင်လေး ထားပေးပါ။ မကြာခဏ မဝတ်ဖြစ်တဲ့ အဝတ်အစားတွေကို သီးသန့် လေလုံအိတ် (Vacuum Bags) တွေနဲ့ ထုပ်ပိုးပြီး သိမ်းဆည်းတာက ပိုကောင်းပါတယ်။
🧼 ၆။ အဝတ်လျှော်ရာတွင် ဂရုစိုက်ပါ : မှိုနဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ Anti-bacterial အဝတ်လျှော်ဆပ်ပြာတွေကို ရွေးချယ်ပါ။ အမွှေးဆီသုံးခြင်းက အဝတ်တွေကို မွှေးပျံ့စေရုံသာမက မိုးရာသီမှာဖြစ်တတ်တဲ့ အော်သိုးသိုးအနံ့ကို ဖုံးလွှမ်းပေးနိုင်ပါတယ်။ အမွှေးဆီသုံးထားတဲ့ အဝတ်တွေကိုတော့ သေချာခြောက်သွေ့အောင် အထူးဂရုစိုက်ဖို့ လိုပါတယ်။
🧺 ၇။ သန့်ရှင်းပြီးမှ သိမ်းဆည်းပါ : မလျှော်ဘဲ သိမ်းထားတဲ့အဝတ်တွေမှာ ပိုးမွှားတွေဖြစ်နိုင်ပြီး အနံ့အသက်လည်း ပိုဆိုးလာတတ်ပါတယ်။ မိုးရာသီမှာ အဝတ်အစားတွေ မကြာခဏ မှိုတက်တတ်တာကြောင့် ဘီရိုကို တစ်လတစ်ခါလောက် အတွင်းပိုင်းအထိ သန့်ရှင်းရေးလုပ်ပေးတာတို့၊ တစ်ပတ်တစ်ခါလောက် ပြန်လည်ထုတ်ပြီး လေထဲမှာ ခဏထားပေးတာကလည်း အနံ့ဆိုးတွေ မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။
မိုးရာသီမှာ အဝတ်အစားတွေ မှိုတက်ပြီး အနံ့ဆိုးထွက်တဲ့ ပြဿနာက ခေါင်းကိုက်စရာဆိုပေမယ့် ဒီလို ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ပြဿနာတွေကို အလွယ်တကူ ကျော်လွှားလိုက်ပါသန့်ရှင်းမွှေးပျံ့တဲ့ အဝတ်အစားလေးတွေနဲ့အတူ နေ့ရက်တိုင်းကို ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းနိုင်ကြပါစေ။
🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။