မိုးရာသီ နဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး

Jun 10, 2026
Healthy
မိုးရာသီ နဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး

 မိုးတွင်းရောက်ပြီဆိုတာနဲ့ စိုထိုင်းဆများပြီး ဘက်တီးရီးယားနှင့် မှိုပိုးမွှားများ ပေါက်ဖွားနိုင်တဲ့ ရာသီဥတုဖြစ်တာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကလည်း အရမ်းကို အရေးကြီးလာပါတယ်။ မိုးရေစိုတာ၊ ချွေးထွက်တာတွေကနေတစ်ဆင့် မှိုရောဂါတွေ၊ အနံ့အသက်ဆိုးတွေ မဖြစ်ပေါ်စေဖို့ ဒီအချက်လေးတွေကိုပါ ပေါင်းပြီး ဂရုစိုက်ကြည့်ရအောင်-

၁.ရေချိုးသန့်စင်ပါ-အပြင်ကပြန်လာပြီးမိုးမိလာတဲ့အခါနဲ့ (ဒါမှမဟုတ်) မိုးတွင်းမှာ ချွေးသိပ်မထွက်ဘူးဆိုပြီး ရေချိုးပျင်းလို့မရဘူးနော်။လေထုထဲက စိုထိုင်းဆနဲ့ ဖုန်မှုန့်တွေကြောင့် အသားအရေမှာ ဘက်တီးရီးယားတွေ ပိုပေါက်ဖွားလွယ်ပါတယ်။ ရေချိုးတဲ့အခါမှာလည်း ရိုးရိုးရေနဲ့ချည်း လောင်းချလိုက်တာမျိုးမလုပ်ဘဲ ရေနွေးနွေးလေးနဲ့ သေချာပြန်ချိုးပေးဖို့ လိုအပ်ပါတယ်။

၂. ခြေထောက်နဲ့ ခြေချောင်းလေးတွေကို အထူးဂရုစိုက်ပါ-မိုးရာသီမှာ အဆိုးရွားဆုံးကြုံတွေ့ရတာက ရွှံ့တွေ၊ ဗွက်တွေပါပဲ။ အိမ်ပြန်ရောက်တာနဲ့ ခြေထောက်ကို ဆပ်ပြာနဲ့သေချာဆေးကြောပါ။ အထူးသဖြင့် ခြေချောင်းကြားလေးတွေကို ရေခြောက်အောင် သေချာသုတ်ပေးပါ။ စိုစွတ်နေရင် သဲဝဲစားတာ၊ခြေစွယ်ငုတ်တာ တို့ဖြစ်တတ်ပါတယ်။

၃. အဝတ်အစားကလာတဲ့ အနံ့အသက်-မိုးတွင်းမှာ အဝတ်တွေက နေရောင်ကောင်းကောင်းမရလို့ မှိုနံ့လိုလို အနံ့လေးတွေ ကျန်နေတတ်ပါတယ်။ မခြောက်တခြောက် အဝတ်အစားတွေ၊ အတွင်းခံတွေ ဝတ်ဆင်တာက ပွေး၊ ညှင်း စတဲ့ အရေပြား မှိုရောဂါတွေကို ဖြစ်စေတဲ့ အဓိကတရားခံပါ။ဒါ့ကြောင့် အဝတ်အစားတွေကို မီးပူသေချာတိုက်ပြီးမှ ဝတ်ဆင်တာအနံ့အသက်ကင်းစေသလို ဘက်တီးရီးယားတွေကိုလည်း သေစေပါတယ်။

၄. ဦးရေပြားကို အမြဲခြောက်သွေ့အောင်ထားပါ-မိုးရေထဲတွင် အက်ဆစ်နှင့် ဓာတုပစ္စည်းများ ပါဝင်နိုင်သဖြင့် မိုးမိပါက ခေါင်းအမြန်ပြန်လျှော်ပါ။မိုးရေစိုသွားတဲ့ ဆံပင်ကို ဒီအတိုင်းထားလိုက်တာ၊ ဒါမှမဟုတ် ခေါင်းလျှော်ပြီး ဆံပင်မခြောက်သေးဘဲ အိပ်ရာဝင်တာမျိုးတွေ ရှောင်ပါ။စိုစွတ်နေတဲ့ ဦးရေပြားက ဗောက်ထခြင်းနဲ့ သန်းပေါက်ခြင်း ဖြစ်တတ်၍ ခေါင်းလျှော်ပြီးတိုင်း Hair Dryer လေးနဲ့ သေချာခြောက်သွေ့အောင် လုပ်ပေးပါ။

၅.ခြေသည်းလက်သည်းကို သန့်စင်အောင်ထားပါ- မိုးတွင်းမှာ လက်သည်း၊ ခြေသည်းအရှည်တွေကြားထဲ ဖုန်နဲ့ အညစ်အကြေးတွေ ပိုပြီးခိုအောင်းလွယ်သလို၊ စိုစွတ်မှုကြောင့် မှိုဝင်ဖို့လည်း အရမ်းလွယ်ကူပါတယ်။ ဒါကြောင့် မိုးရာသီမှာ လက်သည်း၊ ခြေသည်းတွေကို သန့်သန့်ရှင်းရှင်း ထားပေးတာက ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။

  ရာသီဥတုက ဘယ်လောက်ပဲ စိုထိုင်းပြီး သွားလာရ ရှုပ်ထွေးနေပါစေ၊ ဒီအချက်လေးတွေကိုသာ နေ့စဉ်ပုံမှန် လုပ်ပေးသွားမယ်ဆိုရင် အနံ့အသက်ဆိုးတွေ၊ ယားယံတာတွေ ကင်းဝေးပြီး ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာသန့်ရှင်းနေမှာအသေအချာပါပဲ။

🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။

0
0

Recent Posts

International Mother’s Day

May 09, 2026
နေ့ထူးနေ့မြတ်